အရိမေတ္တယျမြတ်စွာဘုရား တရားဟောမည့်နေရာဟု ဗျာဒိတ်ရနေရာ

 ဧရာပထနဂါးမင်း မိသားစုကောင်းမူတော် ဇလုံတောင်ဘုရားသမိုင်း 
(အရိမေတ္တယျမြတ်စွာဘုရား တရားဟောမည့်နေရာဟု ဗျာဒိတ်ရနေရာ)
---------------------------


စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့၏မြောက်ဘက် ၁၂ မိုင်အကွာ ပင်လယ်ရေပြင်အထက် ပေ ၃၀၉၀ တွင်တည်ရှိသည်။


ဇလုံတောင်ဆိုတာ မြိုင်ဟေဝန် တောနက်ကြီးထဲက လျှိုမြောင်တွေ ကျောက်ဆောင်တွေ စမ်းချောင်းလေးတွေ အဖိုးတန်ကျွန်းသစ်တွေ တမလန်းသစ်တွေ နဲ့ ကျေးငှက် သာရကာလေးတွေရှိတဲ့ နေရာတွေကို ဖြတ်သန်းသွားရပြီး တိမ်လွှာတွေကြားထိ ရောက်အောင် မြင့်မားလှတဲ့ ကျောက်တောင်ကြီးပေါ်မှာ ဆုတောင်း အလွန်ပြည့်တဲ့ စေတီ တည်ရှိရာနေရာတစ်ခုပါ။


ဆုတောင်းတွေ ပြည့်ပြီး သဘာဝ ပတ်ဝန်းကျင် သာယာလှပလွန်းလို့ မြန်မာပြည် အနယ်နယ် အရပ်ရပ်က ဘုရားဖူးတွေသာမက နိုင်ငံခြားသါး ခရီးသည်တွေတောင် လာနေကြပါပြီ။


ဘုရားဖူးပြီးတဲ့အခါ ဝန်ထမ်းဆိုရင် ရာထူးတိုးပြီး စီးပွားရေးသမားကတော့ ရွှေဝင်ငွေဝင် ဖြစ်သွားကြတယ်တဲ့။

ကျန်းမာရေးချို့တဲ့သူတွေလဲ ရောဂါသက်သာပျောက်ကင်းတယ် ဟုဆိုကြသည်။


 ဇလုံတောင်ကို ရှေးယခင်က " ဂေါဒေါပလ္လင်" တောင်တော်ဟု အမည်တွင်ခဲ့သည်ဟု သမိုင်းစာပေများမှတဆင့် သိရပါတယ်။


လွန်ခဲ့သောနှစ်(၈၀)ခန့်ကမြေပုံပေါ်မှာတော့"သာလွန်တောင်"ဟု ဖော်ပြထားသည်ကိုတွေ့ရသည် တစ်ချို့စာတွေမှာတော့ လွယ်စန့်လုံလို့ ရေးသားထားပါတယ်။


လက်ရှိ လူသိများနေတာကတော့ "ဣစ္ဆာသယဇလုံတောင်"ဖြစ်ပါသည်။


ထူးခြားအံ့ဖွယ်ဆုတောင်းပြည့်လှတဲ့ တောင်တော်ကြီးမှာ စိတ်ဝင်စားဖွယ် သမိုင်း ရာဇဝင်လေးလဲရှိနေပါတယ်


#ဂေါတမမြတ်စွာဘုရားရှင်ခေတ်ကပေါ့...

ကောဇာ သက္ကရာဇ် ၁၂၃ ဝါတော် ၂၀ တွင် မြတ်စွာဘုရားသည် နောက်ပါရဟန်းများနှင့်အတူ ကောင်းကင်ခရီးဖြင့်ကြွမြန်းလာစဉ် ဧရာဝတီနှင့်သလ္လာဝတီ မြစ်နှစ်သွယ်ကြားတွင် ဧရာပထ နတ်နဂါးမင်း၏ ဖိတ်ကြားချက်အရ ဂေါဒေါပလ္လင်တောင်၌ ၇ ရက်သီတင်းသုံးကာ နဂါးမင်းလှူဒါန်းသောဆွမ်းဟင်းကိုဘုန်းပေးတော်မူခဲ့ပါတယ်။


ဘုန်းပေးပြီးနောက် ဆွမ်းကျန် ဟင်းကျန်များကို ရွှေငွေ ကျောက်မျက်ရတနာများဖြစ်စေကြောင်း အဓိဌာန်ပြုပြီး တောင်ပေါ်မှနေ၍အရပ်လေးမျက်နှာသို့ စွန့်ကြဲ ပက်ဖြန်းခဲ့ပါတယ်။


သေချာတာကတော့ တောင်တော်ရဲ့မြောက်ဖက်အရပ်ရှိတဲ့ ဖားကန့်ဒေသမှာ ကျောက်စိမ်းမှော်တွေနဲ့ တောင်ဖက်အရပ်မှာ ဗန်းမောက် ရွှေမှော်တွေ တူးမကုန်ဖြစ်နေတာ ယနေ့တိုင်အောင်ပါပဲ။


ဒီလိုမျိုး အဖိုးတန် ရွှေမှော်တွေ ကျောက်စိမ်းမှော်တွေ အဖိုးတန်သစ်တွေရှိနေတာဟာ မြတ်စွာဘုရားစွန့်ကျဲခဲ့တဲ့ ဆွမ်းဟင်းတွေကြောင့်လို့ ဒေသခံတွေကယုံကြည်နေကြပါတယ်။


ဂေါတမမြတ်စွာဘုရားရှင်ဟာ ဆွမ်းဘုန်းပေးပြီးနောက် တောင်တော်ဖက် သို့လှည့်ပြီး.....

''ညီဘွား အာနန္ဒာ အောင်မြေခေါ်အပ် ဤဂေါဒေါပလ္လင်တောင် ကလပ်၌ နောင်ပွင့်တော်မူလတ္တံ့သော အရိမိတ္တေယျ ဘုရားရှင်သည် ငါဘုရားကဲ့သို့ အလှူခံယူကာ တရားထူးကိုဟောကြားလိမ့်မည်'' ဟူ၍ဗျာဒိတ်တော်ပေးတော်မူခဲ့ပါတယ်။


#ယခုလက်ရှိဇလုံတောင်ကို ဖူးထားမှ နောင်ပွင့်မည့် အရိမိတ္တေယျဘုရားရှင်ရဲ့ တရားထူးနာရမည့် စာရင်းမှာ ပါမယ်ဟု အဆိုရှိပါတယ်။


ဇလုံတောင်တော်မှာ ကျောက်တုံးကြီး ၄ တုံး ပူးကပ်နေသည့် ပုံစံဖြစ်ပြီး .....

*ခမည်းတော်တောင်*

*မယ်တော်တောင်* 

*သားတော်တောင်*    

*သမီးတော်တောင်* ဟုခေါ်ကြပါတယ်။


လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ခန့်က သမီးတော်တောင်ကြီးပဲ့ကျခဲ့၍ သမီးတော်ခိုးရာလိုက်ပြေးပြီဟု ဒေသခံများက ပြောဆိုခဲ့ကြပါတယ်။


ဗန်းမောက်ကနေဇလုံတောင် ၁၂မိုင်ခရီးရှိပါတယ် တောင်အလုံးပေါင်း သုံးဆယ်ကျော်ကိုဖြတ်သန်းသွားရပါတယ်။ တောင်အဆင်း တောင်အတက်လမ်းတွေက မတ်စောက်လွန်းလှတယ်။ တောင်ပေါ်ရောက်ရင်တော့ ကားပေါ်ကဆင်းတာနဲ့ဘုရားတက် ဖူးလိုက်ရုံပါပဲ ။


#ဇလုံတောင်ပေါ်တက်ရင်အနက်ရောင်ဝမ်းဆက်နဲ့မတက်ပါနဲ့ ဇလုံတောင်အရှင်က မကြိုက်ပါဘူး ပြီးတော့ တောင်ပေါ်မှာ စုံတွဲတွေ မဖွယ်မရာလဲ မလုပ်ရဘူး။ စောင့်ကြပ်တဲ့နတ်တွေက မကြိုက်ဘူး တဲ့။


ဘုရားတရားလေးအာရုံပြုရင်းတက်ပါ အန္တရာယ်ကင်းပါတယ် နတ်ဒေဝါတွေက စောင့်ရှောက်ပါတယ်ဖိနပ်ပျောက် ပိုက်ဆံပျောက် ဆိုင်ကယ်ပျောက် မရှိသလောက်ပါပဲ ပျောက်သွားရင်လဲပြန်ရတဲ့သာဓကတွေရှိပါတယ်။


တောင်ပေါ်ကိုအောင်မြေလိုသတ်မှတ်ပီး အဆင်ပြေသွားသူတွေ ဒုနဲ့ဒေးပါပဲ။


ဇလုံတောင်မရောက်ခင်လမ်းမှာ ကျောက်မဏ္ဍပ်သွားတဲ့လမ်းရှိပါတယ်။


နောက်ဘုရားရှင် အရိမေတ္တိယျ တရားထူး ဟောရင် ပရိတ်သတ်တွေ တရားထိုင်နာရမယ့်ကျောက်ဖျာကြီးပေါ့ ကျောက်ဖျာကြီအောက်မှာနောင်တစ်ချိန်မှာ အသုံးပြုရမယ့် ....

 ကျောက်ကြေးစည် ကျောက်လှေကြီးနဲ့ ကျောက်ဆန်အိတ်တွေရှိပါတယ်။ ကျောက်မဏ္ဍပ်ပေါ်ကနေ ဇလုံတောင်ကို အဝေးက လှမ်းဖူးနိုင်ပါတယ်။


 #ကျောင်းဆောင်ထဲ ဝင်ပီးဘုရားဖူးလိုက်ပါက ... တွေ့မြင်နေကျ ဘုရားဆင်းတုတော်ပုံ မဟုတ်ပဲ ဂေါတမ မြတ်စွာဘုရားရှင်သပိတ်ပိုက်ပြီး ဆွမ်းဘုန်း ပေးနေပုံ ဆင်းတုတော်ရှိပါတယ်။


ဒီလို ဆင်းတုပုံစံမျိုးတစ်ခြားနေရာမှာ မရှိပါဘူး။ ဇလုံတောင်ရာဇဝင်ကို ကိုယ်စားပြု ထုလုပ်ကိုးကွယ်ထားဟန်ရှိပါတယ်။


ကျောက်တောင်ပေါ် စတက်တဲ့အခါ မြတ်စွာဘုရားတောင်တော်ဖက်လှည့်ပြီးဗျာဒိတ်ပေးနေတဲ့ဆင်းတုကြီးကိုလဲ ဖူးတွေ့ရပါမယ်။


ကျောက်တောင်ထိပ် ရောက်အောင်တော့ ကျောက်တုံးကြီးတွေ ပူးနေတဲ့ကျောက်ကြားကို ဖြတ်သွားရပါတယ်။ နိဗ္ဗာန်တံခါးလို့လဲခေါ်ကြပါတယ်။


လမ်းကကျဉ်းလို့ ကျောက်ကြားနေရာရောက်ရင် တစ်ယောက်စီခွဲတက်ရမှာ ဖြစ်ပါတယ်။ ကျဉ်းပေမယ့်ဘယ်လောက် ဝ ဝ တက်လို့ရပါတယ်။


ကျွတ်ချိန်မတန်သေးတဲ့လူ အကုသိုလ်များတဲ့သူတွေကတော့တက်လို့မရဘူးဟုဆိုကြပါတယ်။ တက်မရခဲ့တဲ့လူတွေလဲ ရှိခဲ့ဖူးတယ်။


 ဘုရားရင်ပြင်အတက်နားမှာကပ်လျှက် ကျောက်တောင်ပေါ်မှာပွင့်နေတဲ့ "တရုတ်စကားပင်မှာချိတ်ဆွဲထားတဲ့ခေါင်းလောင်းကြီးကိုတွေ့ရပါလိမ့်မယ်

#မြန်မာသက္ကရာဇ် ၁၂၇၆ ကချိတ်ဆွဲလှူတန်းထားခဲ့ဟန်ရှိပါတယ် ယခုဆိုလျှင် နှစ်ပေါင်း ၁၀၄ နှစ်ရှိပြီဟုခန့်မှန်းရပါတယ်။ 


ကျောက်တောင်ကြီးပေါ်မှာ ဘုရားတည်ခဲ့သည်မှာ (၄၉၂)ခု ကဖြစ်လို့ နှစ်ပေါင်း ၉၀၀ ခန့်ကြာခဲ့ပြီဖြစ်သည်။


ကဲ မြိုင်ဟေဝန်တောနက်ကြီးထဲက တောတောင် သဘာဝတွေခံစားရင်း မိုးထိအောင် မြင့်မားလှတဲ့ ဇလုံတောင် ရှုခင်းကို ရှုမျှော်ရင်း ဖူးလိုက်ကြပါစို့။



Credit ဇလုံဘုရားသမိုင်း

Comments

Popular posts from this blog

အသားလှုပ် နိမိတ်အဟောအပိုင်း ၂

အသားလှုပ်နိမိတ်အဟော

မှဲ့ အကြောင်း သိကောင်းစရာ